ရန်ကုန်မြို့၊ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်တွင် မတ် ၂၄ ရက်က (၂၃)ကြိမ်မြောက် ခွဲစိတ်ဆရာဝန်များ ညီလာခံ ဖွင့်ပွဲကျင်းပခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ခွဲစိတ်ကုပညာရပ်သည် အဆင့်မြင့်နည်းပညာများဖြင့် ခွဲစိတ်ကုသနိုင်သည့်အထိ တိုးတက်ပြောင်းလဲနေပြီး ညီလာခံမှတစ်ဆင့် အသိပညာ၊ အတတ်ပညာ နည်းလမ်းသစ်များ လေ့လာဆည်းပူးနိုင်ကြောင်း၊ ခွဲစိတ်ကုပညာရှင်များအနေဖြင့် သမားကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်ရန်နှင့် အရည်အသွေးပြည့်ဝသော သမားကောင်းများဖြစ်စေရန် တိုက်တွန်းပြောကြားခဲ့သည်။ ညီလာခံတွင် ကမ္ဘောဒီးယား၊ ဂျပန်၊ အိန္ဒိယ၊ နီပေါ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခွဲစိတ်ကုပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ညီလာခံကို မတ် ၂၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။



