အာရပ်စော်ဘွားများပြည်နယ် (UAE) ၏ မြို့ပြများတွင် နွေရာသီအပူရှိန် အလွန်ပြင်းထန်နေသော်လည်း ရက်စအလ်ခိုင်မဟ် (Ras Al Khaimah) ရှိ နိုင်ငံ၏အမြင့်ဆုံးတောင်ဖြစ်သော ဂျီဘယ်လ်ဂျိုက်စ် (Jebel Jais) တောင်ပေါ်တွင်မူ ညဘက်နှင့် မနက်စောစောပိုင်း၌ အပူချိန်သည် ၂၁ ဒီဂရီမှ ၂၂ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိသာ ရှိသဖြင့် ဒေသခံများနှင့် ခရီးသွားများအတွက် သီတင်းပတ်ပိတ်ရက် အပူရှောင်အပန်းဖြေရာ နေရာတစ်ခု ဖြစ်နေသည်။
ဒူဘိုင်းနှင့် အဘူဒါဘီကဲ့သို့သော မြို့ကြီးများတွင် နေ့ခင်းဘက်အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ကာ စိုထိုင်းဆများပြားနေချိန်တွင် ဂျီဘယ်လ်ဂျိုက်စ်တောင်ပေါ်၌ ပုံမှန်မြို့ပြများထက် ၈ ဒီဂရီမှ ၁၀ ဒီဂရီစင်တီဂရိတ်ခန့်အထိ ပိုမိုအေးမြပြီး နေ့ခင်းဘက်တွင်ပင် အမြင့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ဝန်းကျင်သာ ရှိသည်။အဆိုပါတောင်ပေါ်တွင် အေးမြသော ရာသီဥတုကို ခံစားနိုင်ရုံသာမက ကမ္ဘာ့အရှည်ဆုံး ဇစ်လိုင်း (Zipline) အပါအဝင် တောင်ကုန်းအကွေ့အကောက်များကြား မောင်းနှင်ရသည့် တောင်ပေါ်ရိုလာကိုစတာ (Jais Sledder) ကဲ့သို့ စွန့်စားခန်းလှုပ်ရှားမှုများ၊ တောင်တက်လမ်းများနှင့် ရှုခင်းကြည့်စင်မြင့်များလည်း ရှိခြင်းကြောင့် သဘာဝအလှအပနှင့် စွန့်စားမှုလုပ်ငန်းများကိုပါ တပြိုင်တည်း ခံစားနိုင်မည့် ပြည်တွင်းခရီးစဉ်အဖြစ် လူကြိုက်များလျက်ရှိကြောင်း သိရသည်။


