မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၏ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ရန်အတွက် အဆင့်မြှင့်တင် တည်ဆောက်ခဲ့သည့် ပြင်ဦးလွင်လေဆိပ်ကို ဇူလိုင်လ ၁၁ ရက် မနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ လေဆိပ်ဖွင့်လှစ်ခြင်းမှာ အစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်အထည်ဖော်မှုထဲမှ တစ်ခုဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်နှင့် ကော်ဖီမြို့တော်အဖြစ် အဆင့်မြှင့်တင်ရန် အရေးပါသည့် အခြေခံအဆောက်အအုံ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားသည်။ တစ်ရက်လျှင် ခရီးသွား ၁,၀၀၀ ခန့် ဝင်ရောက်ထွက်ခွာနိုင်သည့် ယခုလေဆိပ်ကြောင့် ပြင်ဦးလွင်နှင့် ရှမ်းရိုးမဒေသတို့အကြား ခရီးသွားကွန်ရက် ပိုမိုခိုင်မာလာမည့်အပြင် ဒေသထွက် သစ်သီးဝလံ၊ ပန်းမန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။



