ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစလို့ လက်ရှိအချိန်ထိ အသည်းအစားထိုးခွဲစိတ်ကုသမှုတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ နှစ်တွဲ နဲ့ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံ ကြီးမှာ ၃၈ တွဲ စုစု ပေါင်း ၄၀ ကို ခွဲစိတ်ကုသပေးနိုင်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
ရန်ကုန် ခုတင် ၅၀၀ အထူးကုဆေးရုံကြီး မှာ အသည်းအစား ထိုးခွဲစိတ်ကုသမှုကို အောင်မြင်စွာ ထပ်မံ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။အသည်းအစားထိုးခွဲစိတ်ကုသမှုကို ဇူလိုင်လ ၃ ရက်က အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အသည်းအစားထိုးခွဲစိတ်ကုသမှုအနေနဲ့အသက် (၄၈) နှစ်ရှိ အသည်းလူနာအမျိုးသားနဲ့ အသက် (၂၅)နှစ်ရှိ အသည်းအလှူရှင် အမျိုးသမီးတူအရီးတို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့တာဖြစ်ကာ
ခွဲစိတ်ကုသမှုပြီးချိန်မှာ လူနာနဲ့ အသည်းအလှူရှင် နှစ်ဦးတို့ကို အထူးကြပ်မတ်ကုသဌာနမှာ ထားရှိကာ လိုအပ်တဲ့ပြုစုကုသမှုတွေကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ၊ အထူးကုဆရာဝန်ကြီးတွေ ၊ ကျွမ်းကျင်သူ နာပြုတွေက ဆက်လက်ဆောင်ရွက်ပေးနေပြီး နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန် တယ်လို့ သိရပါတယ်။



