ကချင်ပြည်နယ်ထွက် ရှီးပတီး (ခေါ်) ပိုးဆေးနွယ်ရှင် (ခေါ်) ဆောင်းပိုးနွေမြက်များ ခန္ဓာကိုယ် ခုခံအားမြှင့်တင်ပေးသည့် ဆေးဘက်ဝင်ပစ္စည်းအဖြစ် သုံးစွဲသူများပြားလာခြင်းကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်လာကြောင်း ကချင်ပြည်နယ်ထွက်ကုန် ရောင်းချသူများထံမှ သိရသည်။ အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အမျိုးသားများ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၏ ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ကုန်ပစ္စည်းလိုသလောက် မရရှိခြင်းတို့ကြောင့် လွန်ခဲ့သည့် ၄ နှစ်၊ ၅ နှစ်ခန့်က ၆ ခုပါ တစ်ထုပ်လျှင် ငွေကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြားသာ ရှိခဲ့ရာမှ လက်ရှိတွင် ရှီးပတီး တစ်ကောင် (တစ်ပင်) လျှင်ပင် ငွေကျပ် ၅၀,၀၀၀ မှ ၆၅,၀၀၀ ကြားအထိ ဈေးနှုန်းများ မြင့်တက်သွားခြင်းဖြစ်သည်။ဆေးသိပ္ပံဝေါဟာရအရ Cordyceps ဟု ခေါ်ဆိုသည့် အဆိုပါ ရှီးပတီးများကို ကချင်ပြည်နယ် ပူတာအိုဒေသ ရေခဲတောင်တန်းများမှတစ်ဆင့် မန္တလေးဈေးကွက်သို့ အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ရှီးပတီးတွင် ပါဝင်သော အန်တီအောက်ဆီဒင့် (Antioxidant) နှင့် ပိုလီဆတ်ကရိုက် (Polysaccharide) ဓာတ်များသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်စေပြီး အမောခံနိုင်ခြင်း၊ အားအင်ကုန်ခမ်းမှုကို ချက်ချင်းဖြည့်တင်းပေးနိုင်ခြင်းတို့အပြင်၊ အမျိုးသားများအတွက် ကာမဆန္ဒအားတိုးဆေးအဖြစ် အရက်နှင့်စိမ်၍ သုံးစွဲသူများပြားသောကြောင့် ဈေးကွက်အတွင်း အဝယ်လိုက်နေခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် ကချင်ထွက်ကုန်ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
Jul 10 • 4:37 AM
Myanmar
Kachin
Share
| 20 | 0 | 0 | 0 |


