ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖရဲ (Phrae) ပြည်နယ်တွင် ဝက်သားစိမ်း စားသုံးခြင်းနှင့် အသားစိမ်းများကို စနစ်တကျမရှိဘဲ ကိုင်တွယ်ခြင်းတို့ကြောင့် Streptococcus suis ဗက်တီးရီးယား ကူးစက်ခံရပြီး နားအကြားအာရုံ ပျက်စီးခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပွားနေသဖြင့် အာဏာပိုင်များက အရေးပေါ် သတိပေးချက် ထုတ်ပြန်ကာ ထိန်းချုပ်မှုများ တင်းကျပ်လိုက်ကြောင်း သိရသည်။ ဖရဲပြည်နယ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ကူးစက်ခံရသူ ၃၇ ဦးနှင့် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့သဖြင့် မြောက်ပိုင်းဒေသတွင် အန္တရာယ်အရှိဆုံးဇုန်အဖြစ် သတ်မှတ်ခံခဲ့ရပြီး၊ ယခု ၂၀၂၆ ခုနှစ်အတွင်း၌လည်း ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။အထူးသဖြင့် ဒေသတွင်း ပွဲလမ်းသဘင်များနှင့် လူမှုရေးအခမ်းအနားများတွင် ဝက်သားစိမ်းဖြင့် ပြုလုပ်ထားသည့် ရိုးရာအစားအစာများဖြစ်သော လာ့ပ်ဒစ် (Larb dib)၊ လူ (Lu) နှင့် ဆာ (Sa) စသည့် ဟင်းလျာများကို တည်ခင်းကျွေးမွေးလေ့ရှိသဖြင့် ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာမည်ကို အာဏာပိုင်များက စိုးရိမ်နေကြသည်။ထို့ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကူးစက်ရောဂါထိန်းချုပ်ရေး ကော်မတီတို့က "ဝက်သားစိမ်းစားရင် နားမကြားနိုင်သလို သေဆုံးနိုင်တယ်" ဟု အသိပညာပေး Campaign များ ပြုလုပ်နေပြီး၊ ဝက်သားစိမ်းပါဝင်သည့် ဟင်းလျာများ ပြသခြင်း၊ ပြိုင်ပွဲကျင်းပခြင်းနှင့် ရောင်းချခြင်းများကို တားမြစ်ရန် ညွှန်ကြားထားသည်။ဒါ့အပြင် စားသောက်ဆိုင်များ၊ မူကထ (အသားကင်ဆိုင်) နှင့် ရှာဘူဆိုင်များတွင်လည်း အသားစိမ်းကိုင်သည့်တူနှင့် စားသည့်တူကို သီးခြားစီ ခွဲခြားသုံးစွဲရန် အသိပေးထားသည်။ ပြည်သူများအနေဖြင့်လည်း မင်္ဂလာပွဲ၊ အလှူပွဲနှင့် အသုဘပွဲ စသည့် လူစုလူဝေး အခမ်းအနားများတွင် ဝက်သားစိမ်း ကျွေးမွေးခြင်းကို ရှောင်ကြဉ်ကြရန်၊ သားသတ်ရုံများနှင့် ဝက်သားရောင်းချသူများအနေဖြင့် လက်အိတ်ဝတ်ဆင်ရန်နှင့် အိမ်တွင်းချက်ပြုတ်သူများအနေဖြင့်လည်း အသားစိမ်းအတွက် စဉ်းနီတုံးနှင့် အသုံးအဆောင်များကို အခြား အစားအသောက်များနှင့် မရောနှောဘဲ သီးသန့်ခွဲခြား သုံးစွဲကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ ဝက်သားစိမ်းစားသုံးမှုကြောင့် ဗက်တီးရီးယားကူးစက်ပြီး သေဆုံး/နားမကြားဖြစ်မှုများရှိ၍ စည်းကမ်းများ တင်းကျပ်လာ
Jul 10 • 1:48 AM
Thailand
Local News
Share
| 17 | 0 | 0 | 0 |


