၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီတွင် ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone - REZ) အစီအစဉ်ဖြင့် မိုးစပါးသီးနှံ စုစုပေါင်း ဧက ၃ ဒသမ ၄ သိန်းကျော်ကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အောင်မြင်အောင် အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၈ ရက်နေ့တွင် သိရသည်။အဆိုပါအစီအစဉ်တွင် ပါဝင်စိုက်ပျိုးမည့် တောင်သူများကို တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၇ ဒသမ ၅ သိန်းနှုန်း ဓာတ်မြေသြဇာနှင့် သွင်းအားစုများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ၎င်းပံ့ပိုးမှုတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေကျပ် ၃ သိန်း၊ ပါဝင်ဆောင်ရွက်မည့် ပြည်ပပို့ကုန် (Exporter) ကုမ္ပဏီများမှ ငွေကျပ် ၂ သိန်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းဖြင့် ပူးပေါင်းထောက်ပံ့ပေးသွားမည် ဖြစ်သည်။မြန်မာနိုင်ငံသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဆန်စပါး တင်ပို့လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၇၄ သန်းကျော် တင်ပို့နိုင်ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်းအထိ ရရှိခဲ့ကြောင်း သိရသည်။



