ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခြေအနေ ပိုမိုဆိုးရွားလာပြီး ကုန်စည်ပို့ဆောင်ရေး ခက်ခဲလာမှုကြောင့် ဒေသတွင်း၌ အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လလယ်ပိုင်းမှစတင်ကာ ယခင်အသုံးပြုနေကျ လမ်းမကြီးများမှာ သွားလာ၍မရတော့ဘဲ ကုန်ကားများ ဝင်ရောက်နိုင်ခြင်းမရှိတော့သည့်အတွက် အဓိကကုန်စည်များကို ဒီးမော့ဆိုမြို့နယ်အတွင်းမှတစ်ဆင့် ထွန်စက်များဖြင့်လည်းကောင်း၊ လူအင်အားဖြင့် ထမ်းပိုး၍လည်းကောင်း ခက်ခဲစွာ သယ်ယူပို့ဆောင်နေရသည်။ယခင်က ဆန်တစ်အိတ်လျှင် မြန်မာကျပ်ငွေ ၁ သိန်းခွဲဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၂ သိန်းမှ ၂ သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်သွားသည့်အပြင် ဝယ်ယူရန်ပါ ခက်ခဲနေသည်။ ထို့အတူ သွားလာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်ဆီဈေးနှုန်းမှာလည်း တစ်လီတာလျှင် ကျပ် ၁၅,၀၀၀ အထိ ပေးဝယ်နေရကြောင်း သိရသည်။ လမ်းခရီးခက်ခဲမှုကြောင့် ယခင်က နေ့တစ်ဝက်ဖြင့် ရောက်ရှိနိုင်သည့် ခရီးစဉ်မှာ အနည်းဆုံး ၂ ရက်မှ ၃ ရက်အထိ အချိန်ပေး သွားလာနေရပြီး ကုန်ကျစရိတ်များ မြင့်မားလာခြင်းကြောင့် ဖရူဆိုအနောက်ခြမ်းရှိ ကျေးရွာ ၈ ရွာခန့်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြင်းထန်စွာ ကြုံတွေ့နေရသည်။ ပြည်သူများအနေဖြင့် ကုန်စည်ပြတ်လပ်မှုမရှိစေရန် နည်းလမ်းမျိုးစုံဖြင့် သယ်ယူနေရသော်လည်း မိုးတွင်းကာလအတွင်း သွားလာရေးအဆင်မပြေမှုများကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စရပ်များတွင်ပါ အဘက်ဘက်မှ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


