ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီအား ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးသည်အထိ စာချုပ်သက်တမ်းအတိုင်း ဆက်လက်လက်တွဲသွားမည်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးအသင်းကို ၁၆ သင်းအဆင့်အထိသာ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း အဖွဲ့ချုပ်အနေဖြင့် ၂၀၃၀ ကမ္ဘာ့ဖလားတွင် အောင်မြင်မှုရရန် အချိန်ယူပြင်ဆင်လိုသဖြင့် အခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီသည် ၂၀၂၅ ခုနှစ် မေလကတည်းက ဘရာဇီးအသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် မေလတွင် ၄ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည်။ တစ်နှစ်လျှင် လစာ ယူရို ၁၀ သန်း ရရှိနေသည့် အန်ဆယ်လော့တီသည် လာမည့်ပြိုင်ပွဲများအတွက် နည်းပြအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်နေကြောင်း သိရသည်။


