ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ပေါ်ရပ်ကွက် (၂၄) ခုရှိ လူဦးရေ တစ်သိန်း နှစ်သောင်းကျော်အတွက် တစ်ရက်လျှင် ရေလိုအပ်ချက် ဂါလန် ၅ သန်းရှိသော်လည်း လက်ရှိတွင် ဂါလန် ၁ သန်းခွဲကျော်သာ ပေးဝေနိုင်သဖြင့် နေ့စဉ် ရေဂါလန် ၃ သန်းကျော် ထပ်မံလိုအပ်နေသည်။ အဆိုပါအခြေအနေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၏ ဖြေကြားချက်အပေါ် ဒလမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦးက လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဖတ်ကြား တင်ပြခဲ့ခြင်းဖြစ်သည်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ရှိတွင် ဒလမြို့နှင့် (၉) မိုင်အကွာရှိ ရေပေးဝေရေးစခန်း အဝီစိတွင်း (၂၄) တွင်းမှရေကို (Nano) စနစ်ဖြင့် သန့်စင်ပြီး ရေဂါလန် ၁ သန်းခွဲ၊ လမ်းမတော်မြို့နယ် သခင်မြပန်းခြံရေစုကန်မှ ရေဂါလန် ဝ ဒသမ ၁ သန်း၊ စုစုပေါင်း နေ့စဉ် ရေဂါလန် ၁ ဒသမ ၆ သန်းကို ဖြန့်ဝေပေးနေခြင်း ဖြစ်သည်။ ဒလမြို့နယ်အတွင်း ရေလုံလောက်စွာ ထပ်မံပေးဝေနိုင်ရေးအတွက် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားပေါ်ရှိ ရေပိုက်လိုင်းများမှတစ်ဆင့် ရေပေးဝေရန် ဆောင်ရွက်ထားပြီးဖြစ်ကာ၊ ကုက္ကိုဝ ရေပေးဝေရေးစီမံကိန်း ပြီးစီးချိန်တွင် ဒလမြို့နယ်သို့ ရေအပြည့်အဝ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။



