ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ချန်ခလန်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် အိမ်ငှားများထွက်သွားပြီးနောက် အခန်းတစ်ခုလုံး အမှိုက်ပုံကြီးအဖြစ် ချန်ထားရစ်ခဲ့သည့်ဖြစ်ရပ်တစ်ခု ဇူလိုင်လ ၅ ရက်နေ့က လူမှုကွန်ရက်တွင် ပျံနှံ့ခဲ့ကြောင်း သိရသည်။ အဆိုပါအခန်းတွင် ၃ နှစ်မှ ၄ နှစ်ခန့် ငှားရမ်းနေထိုင်သွားသည့် ထိုင်းစုံတွဲတစ်တွဲသည် အိမ်လခကို အချိန်မှန်တစ်ခါမျှ မပေးခဲ့သည့်အပြင် ထွက်ပြေးတိမ်းရှောင်သွားချိန်တွင် အခန်းပန်ကာနှင့် အဲယားကွန်းများကို ဖွင့်လျက်၊ ကုတင်အပါအဝင် အခန်းတစ်ခုလုံး၌ ရေသန့်ပုလင်းများ၊ အအေးဘူးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် ဆီးပုလင်းများကို အမှိုက်ပုံကြီးသဖွယ် ရှုပ်ပွနံစော်အောင် ချန်ထားခဲ့ခြင်းဖြစ်သည်။ အခန်းပိုင်ရှင်ဖြစ်သူ Keng Indigo က ချင်းမိုင်ရှိ အခြားအဆောင်ပိုင်ရှင်များအနေဖြင့် အရပ်ရှည်ဗလကောင်းပြီး အသားမည်းသောအမျိုးသားနှင့် ပိန်ပိန်ပါးပါးအသားညိုသောအမျိုးသမီး ပါဝင်သည့် အဆိုပါစုံတွဲကို အခန်းမငှားမိစေရန် လူမှုကွန်ရက်မှတစ်ဆင့် သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။



