ရှမ်းပြည်နယ်၊ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ အုပ်စုဖွဲ့ဓားပြတိုက်လုယက်မှုများ အနည်းဆုံးသုံးကြိမ်ထက်မနည်း မကြာခဏဖြစ်ပွားလာသဖြင့် ဒေသခံပြည်သူများ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း ဇူလိုင်လ ၆ ရက်နေ့တွင် သိရသည်။ ဓားပြတိုက်သူများသည် လက်နက်ကိုင်ဆောင်ထားသည့် ၆ ဦးခန့်ပါဝင်သော မျက်နှာဖုံးစွပ်အဖွဲ့များဖြစ်ပြီး ညသန်းခေါင်ယံအချိန်နှင့် လူပြတ်သည့်အချိန်များတွင် ငွေကြေးတတ်နိုင်သည့် နေအိမ်များကို အသေးစိတ်စုံစမ်းကာ အဓိကပစ်မှတ်ထား ဓားပြတိုက်လုယက်ကြသဖြင့် ရွာငံမြောက်ဘက်ကျေးရွာများရှိ နေအိမ်အချို့တွင် ငွေသားကျပ်သိန်းတစ်ရာကျော်နှင့် ရွှေထည်ပစ္စည်းများ ပါဝင်ဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် ရွာငံမြို့နယ်၌ လူသတ်မှု၊ သက်ငယ်မုဒိမ်းမှုနှင့် ခိုးဆိုးလုယက်မှုများ ဆက်တိုက်တိုးပွားလာသော်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမည့်အဖွဲ့ မရှိသဖြင့် ပြည်သူများ အသက်အန္တရာယ်ပါ စိုးရိမ်နေကြရသည်။



