ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း ဇူလိုင်လ ၄ ရက်နေ့မှစတင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့အထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မောင်တောစသည့် မြို့နယ်အချို့ရှိ မြေနိမ့်ပိုင်းဒေသများနှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။လက်ရှိတွင် ကျောက်တော်မြို့နယ် သရီချောင်းဒေသရှိ ကျောက်တလုံး၊ သရက်တစ်ပင်၊ ရွာမပြင်နှင့် လိပ်မ စသည့် ကျေးရွာများရှိ မြေနိမ့်ပိုင်းနေအိမ်အချို့ ရေနစ်မြုပ်နေပြီး မိုးဆက်လက်ရွာသွန်းပါက အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။ အလားတူ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဒေသရှိ အိုးပျဉ်တောင်၊ ဖွဲရကံဆိပ်နှင့် င/တာ စသည့်ကျေးရွာများအပြင် မောင်တောမြို့ရှိ နေအိမ်အချို့တွင်လည်း ရေနစ်မြုပ်မှုများ ရှိနေသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်သဖြင့် ကြိုတင်သတိပြုကြရန် ထုတ်ပြန်နှိုးဆော်ထားသည်။



