မန္တလေးမြို့အတွင်းရှိ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးစာမျက်နှာများတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ကာ လုပ်အားခအဆမတန်ပေး၍ မက်လုံးပေးခေါ်ယူထားသည့် သံသယဖြစ်ဖွယ်ရာ အလုပ်ခေါ်စာအချို့ မကြာခဏတွေ့လာရကြောင်း ဇူလိုင်လ ၆ ရက်နေ့တွင် အလုပ်သမားအရေး စောင့်ကြည့်လေ့လာသူများ၏ ပြောပြချက်အရ သိရသည်။ အဆိုပါအလုပ်ခေါ်စာများသည် တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်အကိုင်ရှာဖွေရေးရုံးများမဟုတ်ဘဲ နယ်ဝေးမှလာရောက်သည့် ရွှေ့ပြောင်းအခြေချလုပ်သားများနှင့် ဆယ်ကျော်သက် အမျိုးသမီးငယ်များကို အဓိကပစ်မှတ်ထားကာ ဖျားယောင်းခေါ်ယူနေခြင်းဖြစ်ပြီး၊ လက်ရှိတွင် ယင်းသို့အလုပ်ဝင်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားသည့် ဖြစ်စဉ် (Case) အချို့လည်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လုပ်အားခအမြောက်အမြားပေးမည်ဟု မက်လုံးပေးထားသည့် အလုပ်ခေါ်စာများနှင့် ပြည်ပနိုင်ငံများသို့ စရိတ်ငြိမ်းခေါ်ယူသည့် အလုပ်ခေါ်စာများကို အထူးသတိပြုရန် လိုအပ်ပြီး၊ တရားဝင်လိုင်စင်ရ မှတ်ပုံတင်ထားသည့် အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများနှင့်သာ သေချာစွာဆက်သွယ်လုပ်ကိုင်ကြရန် အလုပ်သမားအရေးစောင့်ကြည့်လေ့လာသူများက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။


