မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေး လုပ်ငန်းကြီးများ အပါအဝင် ကုမ္ပဏီပေါင်း ၁၀၀ ကျော်၏ ဘဏ်အကောင့် ၁၀၀ ကျော်မှာ ယခုရက်ပိုင်းအတွင်း ပိတ်သိမ်းခြင်း ခံထားရပြီး ကုမ္ပဏီပိုင်ရှင်များကိုလည်း နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဘဏ်အကောင့် အပိတ်ခံရပြီး စစ်ဆေးခံနေရသည့် လုပ်ငန်းများအနက် ပြည်တွင်းသို့ တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များ တင်သွင်းရောင်းချနေသည့် ကုမ္ပဏီအချို့ အပါအဝင် ကားမျိုးစုံ အရောင်းအဝယ်ပြုလုပ်နေသည့် ကားကုမ္ပဏီများ၊ စက်သုံးဆီလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ကျောက်မျက်လုပ်ငန်းများနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးများ အများအပြား ပါဝင်နေကြောင်း သိရသည်။


