ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လမှစတင်ကာ စားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ခြင်းကြောင့် အထွေထွေ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၄၂ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ကြောင်း သိုက်ဂါ (Thaiger) သတင်းအရ သိရသည်။ ယခုနှုန်းထားမှာ အစိုးရနှင့် ဗဟိုဘဏ်တို့ တွက်ချက်ခန့်မှန်းထားသည့် ပုံမှန်ပမာဏထက် ပိုမိုမြင့်မားနေပြီး ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး အသုံးစရိတ်များအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာနေသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရေနံစိမ်းဈေးကွက် မတည်ငြိမ်မှုကြောင့် ပြည်တွင်းဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းများ မြင့်တက်လာကာ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အခြားကုန်စည်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး အချို့ဒေသများတွင် ရေကြီးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများကြောင့် ဟင်းသီးဟင်းရွက်၊ အသားငါး အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ ထိုးတက်သွားခဲ့သည်။ စီးပွားရေးပညာရှင်များက ယခုကဲ့သို့ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းသည် ပြည်သူများ၏ ငွေသုံးစွဲနိုင်စွမ်းကို ကျဆင်းစေနိုင်သဖြင့် အစိုးရအနေဖြင့် ကုန်ဈေးနှုန်းထိန်းချုပ်ရေးကို အရေးပေါ်လုပ်ဆောင်ရန် တိုက်တွန်းထားကြသည်။ လက်ရှိတွင် စီးပွားရေးဝန်ကြီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရေး စစ်ဆေးမှုများ တင်းကျပ်နေပြီး၊ စက်သုံးဆီရန်ပုံငွေကို အသုံးပြု၍ ဆီဈေးနှုန်းများကို တတ်နိုင်သမျှ ဆက်လက်ထိန်းညှိပေးရန် ပြင်ဆင်နေကြောင်း သိရသည်။


