ရခိုင်ပြည်နယ် (အာရက္ခဒေသ) အတွင်းရှိ နယ်မြေများတွင် လယ်ယာစိုက်ပျိုးရေးသုံး သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကြောင့် လယ်သမားများ လယ်ယာစိုက်ပျိုးရန် အရင်းအနှီးကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဇူလိုင်လ ၆ ရက်နေ့တွင် သိရသည်။လက်ရှိတွင် လယ်ယာသုံး ဓာတ်မြေဩဇာ (အမည်း) တစ်အိတ်လျှင် ကျပ် ၄ သိန်းနှင့် (အဖြူ) တစ်အိတ်လျှင် ကျပ် ၃ သိန်းခွဲအထိ ဈေးနှုန်းများ ခေါင်ခိုက်နေသည့်အပြင် လယ်ထွန်စက်သုံးဆီ ဈေးနှုန်းမှာလည်း တစ်ဂါလန်လျှင် ကျပ် ၃၄,၀၀၀ အထိ ရှိနေသည်။ လယ်သမားအများစုမှာ ကိုယ်ပိုင်လယ်ထွန်စက်မရှိသဖြင့် စက်ငှားရမ်းထွန်ယက်နေရသည့်အတွက် စက်ငှားခ၊ ဆီခနှင့် မြေဩဇာစရိတ်များကြောင့် စိုက်ပျိုးစရိတ် အဆမတန် ကုန်ကျနေခြင်းဖြစ်သည်။ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက မြေဩဇာမသုံးလျှင်လည်း မဖြစ်သဖြင့် ဝမ်းစာအတွက် မဖြစ်မနေ လုပ်ကိုင်နေရသော်လည်း သီးနှံပေါ်ချိန်တွင် လူငှားခ၊ စက်ခ၊ ဆီခနှင့် သယ်ယူပို့ဆောင်ခများ နှုတ်လိုက်ပါက မိသားစုအတွက် စပါးအနည်းငယ်သာ ကျန်ရှိတော့ကြောင်း ရင်ဖွင့်ထားသည်။ ယခုကဲ့သို့ စိုက်ပျိုးစရိတ်နှင့် သွင်းအားစုဈေးနှုန်းများ အဆမတန် မြင့်တက်နေသော်လည်း စပါးဈေးနှုန်းမှာ လိုက်ပါမြင့်တက်လာခြင်း မရှိသဖြင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် အကျိုးအမြတ် မမျှတတော့ဘဲ အရင်းအနှီးများပြားလွန်းခြင်းကြောင့် အချို့လယ်သမားများမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို စွန့်လွှတ်ရမည့် အခြေအနေများနှင့် ရင်ဆိုင်နေရကာ ယခုနှစ်တွင် စိုက်ပျိုးဧကများ လျော့နည်းလာနိုင်ကြောင်း သိရသည်။
Jul 06 • 3:51 AM
Myanmar
Rakhine
Share
| 12 | 0 | 0 | 0 |


