တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဈေးကွက်အတွင်းသို့ ယခုသီတင်းပတ်အတွင်း ပင်လယ်ပြင်ရာသီဥတုဆိုးရွားမှုကြောင့် ရေထွက်ကုန်များ အဝင်နည်းကာ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ရေထွက်ကုန်ဈေးကွက်နှင့် ရေလုပ်ငန်းရှင်များထံမှ သိရသည်။ ထားဝယ်မြို့ ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းလေပြင်းထန်နေခြင်းကြောင့် ကမ်းနီးငါးဖမ်းလှေများ ငါးဖမ်းဆီးရမိမှုနည်းပါးခြင်းနှင့် အချို့လှေများ နားထားရခြင်းတို့ကြောင့် ဈေးကွက်အတွင်း အသားငါးရရှိမှုနည်းပါးပြီး ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန်ငါးဈေး၌ ဇွန်လနှောင်းပိုင်းက ပုစွန်ချောတစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၂၅,၀၀၀ ကျပ်နှင့် ပါတူး (ငါးလုံးငါး) တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ဇူလိုင်လ ၄ ရက်နေ့တွင် ပုစွန်ချောကြီးတစ်ပိဿာလျှင် ၄၅,၀၀၀ ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၃၂,၀၀၀ ကျပ်နှင့် ငါးလုံးငါးတစ်ပိဿာလျှင် ၁၈,၀၀၀ ကျပ်အထိ ဈေးနှုန်းများ အသီးသီး မြင့်တက်သွားခဲ့သည်။ထားဝယ်ဈေးကွက်သို့ စမ်းလှမ်း၊ သဘော့ဆိပ်၊ မောင်းမကန်နှင့် ပိန်းတောစသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ရေထွက်ကုန်များ နေ့စဉ်ဝင်ရောက်နေခြင်း ဖြစ်သည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ ၃ ရက်မှ ၁၀ ရက်နေ့အထိ မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ကာ လှိုင်းအလွန်ကြီးနိုင်ကြောင်း သတိပေးထားသည်။ မိုးသက်လေပြင်းကျရောက်ချိန်တွင် မြေပြင်လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ ရှိနိုင်ပြီး ပင်လယ်ပြင်လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
Jul 05 • 3:19 AM
Myanmar
Tanintharyi
Share
| 14 | 0 | 0 | 0 |


