လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တော်ပြည်သူ့တရားရုံးသည် အစိုးရအရာရှိကြီးဟောင်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အမှုဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပတ်သက်နေသည့် ကြီးမားသော အကျင့်ပျက်ခြစားမှု အမှုကြီး ၄ ခုအတွက် တရားခံ ၁၇ ဦးအပေါ် ယမန်နေ့တွင် စီရင်ချက်ချမှတ်ခဲ့ရာ အနည်းဆုံး တရားခံ ၁၀ ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်များ ချမှတ်လိုက်သည်။အဆိုပါအမှုများအနက် အကြီးမားဆုံးဖြစ်စဉ်မှာ လာအိုလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း (Electricite du Laos - EDL) ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်နွှယ်နေသည့် အဂတိလိုက်စားမှုဖြစ်ပြီး၊ ယင်းအမှုတွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ Aphichart Vannakul နှင့်အတူ EDL ၏ ထိပ်တန်းအမှုဆောင်ဟောင်း ၄ ဦးဖြစ်ကြသည့် Thongphet၊ Phonevixay၊ Saysanit နှင့် Khambon တို့ ပါဝင်သည်။ ၎င်းတို့ ၅ ဦးစလုံးသည် နိုင်ငံပိုင်ရန်ပုံငွေများ အလွဲသုံးစားလုပ်ခြင်း၊ ရာထူးအာဏာအလွဲသုံးစားပြုခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် တရားရုံးက တစ်သက်တစ်ကျွန်း ထောင်ဒဏ် စီရင်ခဲ့ခြင်းဖြစ်သည်။ထို့အပြင် တရားရုံးက ထိုင်းစီးပွားရေးလုပ်ငန်းရှင် Aphichart အား EDL လုပ်ငန်းသို့ အမေရိကန်ဒေါ်လာ ၂၄.၈ သန်းကျော် နစ်နာကြေးပေးလျော်ရန် အမိန့်ချမှတ်ခဲ့ပြီး၊ ၎င်း၏ ဘဏ်အကောင့် ၁၀ ခု၊ မြေကွက် ၁၁ ကွက်နှင့် မော်တော်ယာဉ်တစ်စီး အပါအဝင် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရောင်းချရန် ညွှန်ကြားခဲ့သည်။ အကယ်၍ ၎င်းပိုင်ဆိုင်မှုများဖြင့် နစ်နာကြေးမလုံလောက်ပါက ကျန်ရှိသည့် EDL အမှုဆောင်ဟောင်း ၄ ဦး၏ ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းသွားမည်ဖြစ်သည်။ ၎င်းအမှုအပြင် အခြားသော အဂတိမှုများတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စစ်ဆေးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အေဂျင်စီများ၊ လယ်ယာစိုက်ပျိုးရေးမြှင့်တင်မှုဘဏ် (Agricultural Promotion Bank) တို့မှ လိမ်လည်မှုများနှင့် လာဘ်ပေးလာဘ်ယူမှုများလည်း ပါဝင်ကြောင်း သိရသည်။
လာအိုလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း (EDL) အမှုဆောင်ဟောင်းများနှင့် အရာရှိကြီးများကို အကြီးစားအကျင့်ပျက်ခြစားမှု ကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်
Jul 05 • 2:04 AM
Laos
Local News
Share
| 9 | 0 | 0 | 0 |


