back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၌ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုဖြစ်ပွား

Jul 03 • 3:26 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၌ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုဖြစ်ပွား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများ စီးဆင်းလာပြီး မြ...

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများ စီးဆင်းလာပြီး မြို့ပေါ်ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်မှုကြောင့် တာလော့ရပ်ကွက်ရှိ လမ်းအချို့၊ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားအနီး၊ ဝမ်ကောင်းရပ်ကွက် ဘုရင့်ဈေးလမ်း၊ ဝိန်းကျောက်ရပ်ကွက် လားဟူဈေးအနီးနှင့် မယ်ခေါင်ရပ်ကွက် မိုးသောက်ကြယ်လမ်းတို့တွင် ရေဝင်ရောက်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ယာယီအခက်အခဲ ဖြစ်ပေါ်ခဲ့သည်။ မိုးဇလဗေဒစခန်း၏ ဇူလိုင်လ ၂ ရက် မွန်းလွဲ ၂ နာရီ တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေသည် ၃၂၆ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်အောက် ၆၄ စင်တီမီတာတွင် ရှိနေကာ မိုးလျော့နည်းလာသဖြင့် ရေများ ပြန်လည်ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ အဆိုပါ ရေကြီးရေလျှံမှုအခြေအနေများအတွက် တာချီလိတ်တပ်နယ် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် စည်ပင်သာယာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးအစီအမံများကို အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

news-view-count-icon

15