တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေများ ဖြစ်ကြသည့် ဒရွတ်ဆွဲပိုက် (ဝါလတ်လှေ) နှင့် ဝိုင်းကြီးချုပ် (ဝါတန်းလှေ) များကို ဇွန်လ ၁၅ ရက်နေ့မှစ၍ ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုလိုက်သော်လည်း ဒေသတွင်း၌ အမျိုးသားဦးရေ နည်းပါးလာမှုကြောင့် ရေလုပ်သား ရှားပါးသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း လှေပိုင်ရှင်များနှင့် ရေလုပ်သားအသိုင်းအဝိုင်းထံမှ သိရသည်။ ပုံမှန်အားဖြင့် ငါးသားပေါက်ရာသီဖြစ်သော ဧပြီ၊ မေနှင့် ဇွန်လကုန်အထိ ငါးမဖမ်းရကာလအဖြစ် သတ်မှတ်ထားသော်လည်း ယခုနှစ်တွင် ဇွန်လလယ်၌ပင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမဲ့ နယ်မြေအခြေအနေများကြောင့် မိဘများက သားသမီးများကို လှေမလိုက်ခိုင်းတော့ဘဲ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ပို့ဆောင်နေကြခြင်းကြောင့် အလုပ်သမား ရှာဖွေရခက်ခဲနေခြင်း ဖြစ်သည်။ ထို့ကြောင့် လှေပိုင်ရှင်များနှင့် ပဲ့နင်းများသည် ယခင်လုပ်ကိုင်ခဲ့ဖူးသည့် လုပ်သားဟောင်းများကို ပြန်လည်ဆက်သွယ်၍မရဘဲ ဖြစ်နေကာ၊ ဝါလတ်လှေတစ်စီးလျှင် လူ ၁၀ ဦးခန့်နှင့် ဝါတန်းလှေတစ်စီးလျှင် လုပ်သား ၃၀ မှ ၄၀ ကျော်အထိ လိုအပ်သော်လည်း လတ်တလောတွင် လိုအပ်သလောက် ခေါ်ယူ၍မရဘဲ ရသလောက်လူသစ်အင်အားဖြင့်သာ လှေထွက်ရမည့် အခြေအနေဖြစ်နေကြောင်း သိရသည်။



