မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက အသက်မပြည့်သေးသည့် တောင်းရမ်းသူ ကလေးငယ်များ သိသိသာသာ ပိုမိုများပြားလာနေကြောင်း ဇွန် ၂၇ ရက်တွင် ဒေသခံများနှင့် ကလေးသူငယ်အရေး ဆောင်ရွက်သူများထံမှ သိရသည်။ ယခင်က လူအများအပြား သွားလာလှုပ်ရှားရာ ဈေးကြို၊ ဈေးကြီး၊ တောင်ပေါ်တန်းနှင့် ကမ်းနားလမ်းတို့တွင်သာ အများဆုံး တွေ့ရလေ့ရှိသော်လည်း၊ လက်ရှိတွင် ရခိုင်ကုန်းဘက်ရှိ ဈေးဆိုင်များနှင့် ကားဂိတ်များတွင်ပါ ဈေးဝယ်သူများကို လိုက်လံတောင်းရမ်းမှုများ ရှိလာနေသည်။ အဆိုပါ လိုက်လံတောင်းရမ်းနေသည့် ကလေးငယ်များထဲတွင် ဘာမှမသိနားမလည်သေးသည့် အသက် ၃ နှစ်၊ ၄ နှစ်အရွယ် တအားငယ်လွန်းသော ကလေးငယ်များပင် ပါဝင်လာနေကြောင်း ကလေးသူငယ်အရေး ဆောင်ရွက်သူများ၏ ပြောပြချက်အရ သိရသည်။


