အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ယနေ့ကျင်းပမည့် ဂျော်ဒန်အသင်းနှင့်ပွဲစဉ်တွင် အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို ပွဲထွက်လူစာရင်း၌ ထည့်သွင်းကစားစေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ မက်ဆီကို ပွဲစဥ်အစ၌ အရန်ခုံတွင်သာ ထိုင်စေမည်ဖြစ်ပြီး လိုအပ်မှသာ လူစားလဲဝင်ရောက်ကစားစေမည်ဟု ဆိုသည်။အာဂျင်တီးနားအသင်းသည် လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များတွင် ၂ ပွဲစလုံးအနိုင်ရရှိကာ ရမှတ် ၆ မှတ်ဖြင့် အုပ်စုပထမနေရာ၌ ရပ်တည်နေပြီးဖြစ်ကာ နောက်တစ်ဆင့် (၃၂ သင်းအဆင့်) တွင် ကိတ်ဗက် (Cape Verde) အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မက်ဆီသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း သွင်းယူထားသည့် သွင်းဂိုး ၅ ဂိုးစလုံးကို တစ်ကိုယ်တော် သွင်းယူပေးထားသူ ဖြစ်သည်။ဂျော်ဒန်နှင့်ပွဲစဉ်သည် မက်ဆီအတွက် ရွှေဖိနပ်ဆု ရည်မှန်းချက်ကို ပိုမိုခိုင်မာစေမည့် အခွင့်အရေးကောင်းဖြစ်သော်လည်း နည်းပြစကာလိုနီက ၎င်းကို အနားပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့ပွဲတွင် အာဂျင်တီးနားအသင်းအနေဖြင့် အရန်ကစားသမားအချို့ကို အသုံးပြုကာ ပွဲထွက်လာနိုင်ပြီး လူငယ်ကစားသမား နီကိုပက်ဇ် (Nico Paz) လည်း ပါဝင်ကစားခွင့်ရရှိရန် အခွင့်အရေးရှိနေသည်။



