ဓာတ်အားပို့လွှတ်တဲ့ မြေစိုက်ကြိုးတွေကို ဖိုက်ဘာကြိုးများဖြင့် အစားထိုး လဲလှယ်မှာဖြစ်လို့ လျှပ်စစ်မီးယာယီပြတ်တောက်နိုင်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် မဟာဓာတ်အားလိုင်း ကွန်ရက်အတွင်းရှိ ဆက်သွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန် အဆင့်မြှင့်တင်လျက်ရှိပြီး ၂၃၀ ကေဗွီ ဓာတ်အားပို့လွှတ်ရေး တာဝါတိုင်အချို့မှာ လက်ရှိတပ်ဆင် ထားတဲ့ မြေစိုက်ကြိုးတွေကို ဓာတ်အားလိုင်းဆက်သွယ်ရေးစနစ်သုံး ဖိုက်ဘာကြိုးများဖြင့် အစားထိုးလဲလှယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ၂၃၀ ကေဗွီ ဝါးတရာ - လှိုင်သာယာ၊ အနောက်ပိုင်းတက္ကသိုလ် - ရွာမနှင့် ရွာမ - လှိုင်သာယာ ဓာတ်အားလိုင်းတွေကို ၂၀၂၆ ခုနှစ် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့မှာ နေ့စဉ် နံနက်၆နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ကာ ဆောင်ရွက်သွားမှာ ဖြစ်ကာ အချို့နေရာတွေမှာ ဓာတ်အားယာယီ ပြတ်တောက်နိုင်မည့်အခြေအနေနှင့်စပ်လျဉ်းပြီး စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါတယ်။



