တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းရှိ အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်တဲ့ ၁၀၉ ထပ်ရှိတဲ့ CITIC Tower (China Zun) ကို ဇွန် ၂၆ ရက်၊ မွန်းလွဲပိုင်းက လေယာဉ်ငယ်တစ်စင်း ဝင်တိုက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ အဲဒီ မိုးမျှော်တိုက်ကနေ အပျက်အစီးတွေ ပြုတ်ကျနေ တာကို တွေ့ရပြီး လေယာဉ်ရဲ့ အမြီးပိုင်း အပိုင်းအစ နဲ့ မြေပြင်ပေါ်ရှိ တက္ကစီ တစ်စီးရဲ့ မှန်တွေ ကွဲအက်ခဲ့ တာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ဖြစ်စဉ်အပြီးမှာ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နဲ့ လူနာတင်ယာဉ်တွေ အခင်းဖြစ်နေရာကို ချက်ချင်းရောက်ရှိပြီး အဆောက်အအုံအတွင်းရှိ လူတွေကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အတည်မပြုရသေးတဲ့ လေကြောင်းဒေတာတွေအရ အဲဒီ လေယာဉ်ရဲ့ ပျံသန်းလမ်းကြောင်းမှာ ပုံ မှန်လမ်းကြောင်းကနေ သိသိသာသာသွေဖည်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။မြို့တော် ပေကျင်းမှာ ပြီးခဲ့တဲ့ မေ ၁ ရက်ကစပြီး အစိုးရ ခွင့်ပြုချက် မပါဘဲ ဒရုန်းတွေ ဝယ်ယူတာ၊ ဌားရမ်း တာ နဲ့ ပျံသန်းတာတွေကို ပြင်းထန်စွာ တားမြစ်ထားတဲ့ စည်းမျဉ်းသစ်တွေ ပြဋ္ဌာန်းထားစဉ် အခုလို လေ ယာဉ်ငယ် ဝင်တိုက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ ဖြစ်စဉ် အသေးစိတ် နဲ့ ပတ်သက်ပြီး သတင်းဌာနတွေ က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လေယာဉ်ပိုင်ရှင်တွေထံ ဆက်သွယ် စုံစမ်းနေတယ်လို့လည်း သိရပါတယ်။



