ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် နှစ်စဉ် မေလမှ ဇူလိုင်လကုန်အထိ ကျရောက်သော နွေရာသီကာလအတွင်း မြို့ပြလမ်းမများ၊ ပန်းခြံများနှင့် လူနေရပ်ကွက်များ၌ စိန်ပန်းပင် (Flame Tree / Delonix regia) များ အရှိန်အဟုန်ဖြင့် ပြိုင်တူပွင့်လန်းလာပြီး မြို့တော်တစ်ခုလုံးကို လှပသော လိမ္မော်နီရောင် ကော်ဇောကြီးသဖွယ် ဆင်ယင်လျက်ရှိသည်။
မူလက ဒါဂတ်စကာ (Madagascar) နိုင်ငံမှ အစပြုခဲ့သော ယခုစိန်ပန်းပင်များသည် ဒူဘိုင်းမြို့၏ ပူပြင်းစိုစွတ်သော ရာသီဥတုနှင့် အလွန်ကိုက်ညီပြီး၊ အပူဒဏ်နှင့် ခြောက်သွေ့မှုကို ကောင်းစွာခံနိုင်ရည်ရှိသည်။ အဆိုပါအပင်များသည် အရွယ်ရောက်ပါက အမြင့် ၉ မီတာမှ ၁၂ မီတာအထိ ရှိနိုင်ပြီး ၎င်းတို့၏ ၁၅ မီတာခန့် ကျယ်ဝန်းသော ထီးပုံသဏ္ဌာန် အုပ်ဆိုင်းလှသည့် သစ်ကိုင်းသစ်ရွက် ကာရံမှုများကြောင့် အောက်ခြေမြေပြင်အပူချိန်ကို ၅ ဒီဂရီဆဲလ်စီးယပ်စ် (5°C) ခန့်အထိ လျှော့ချပေးနိုင်ကာ လမ်းလျှောက်သူများအတွက် အေးမြသော အရိပ်အာဝါသကို ပေးစွမ်းနိုင်သည်။လက်ရှိတွင် ဒူဘိုင်းအစိုးရသည် အိမ်ရှေ့မင်းသား ရှိတ်ဟာမန် (Sheikh Hamdan) ၏ လမ်းညွှန်ချက်ဖြင့် မြို့တော်စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည်တည်တံ့သော မြို့ပြဂေဟစနစ် ဖော်ဆောင်ရန်အတွက် "စိန်ပန်းပင်ရာသီ" (Flame Tree Season) စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။ မြို့တွင်း၌ စိန်ပန်းပင်ပေါင်း ၅၁,၀၀၀ ကျော် စိုက်ပျိုးထားပြီးဖြစ်ရာ ဂျုမိုင်ရာ (Jumeirah)၊ လေဆိပ်လမ်း (Airport Road) နှင့် ဆာဖာပန်းခြံ (Safa Park) တို့တွင် အများဆုံး တွေ့မြင်နိုင်ကာ ထပ်မံ၍လည်း အပင် ထောင်ပေါင်းများစွာကို တိုးချဲ့စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိသည်။ ဤပွင့်လန်းမှုသည် ဂျပန်နိုင်ငံ၏ ချယ်ရီပန်းပွင့်ချိန် (Sakura Season) ကဲ့သို့ပင် ဒူဘိုင်းမြို့၏ ထင်ရှားသော ရာသီအလိုက် လှပသည့် သင်္ကေတတစ်ခု ဖြစ်လာပြီး ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများအကြား ဓာတ်ပုံရိုက်ကူးရန် အလွန်ရေပန်းစားလျက်ရှိသည်။


