မက္ကဆီကိုနိုင်ငံ ကျန်းမာရေးထိန်းချုပ်မှုဆိုင်ရာ ဖက်ဒရယ်ကော်မရှင် (COFEPRIS) က တောင်ကိုရီးယားနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးဘေးကင်းလုံခြုံရေးဝန်ကြီးဌာန (MFDS) ကို ဆေးဝါးကဏ္ဍဆိုင်ရာ စံပြကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်သည်။ ဤဆုံးဖြတ်ချက်ကြောင့် ကိုရီးယားနိုင်ငံထုတ် ဆေးဝါးများနှင့် ဇီဝနည်းပညာထုတ်ကုန်များသည် လက်တင်အမေရိက၏ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သော မက္ကဆီကိုနိုင်ငံသို့ ပိုမိုမြန်ဆန်ချောမွေ့စွာ ဝင်ရောက်ခွင့်ရရှိတော့မည် ဖြစ်သည်။
ယခုသဘောတူညီချက်အရ ကိုရီးယားနိုင်ငံတွင် ခွင့်ပြုချက်ရရှိထားပြီးသား ဆေးဝါးများသည် မက္ကဆီကိုနိုင်ငံ၌ ထပ်မံလျှောက်ထားရာတွင် ရှုပ်ထွေးလှသော ဒေသတွင်း ဆေးဝါးအရည်အသွေး၊ ဘေးကင်းမှုနှင့် ထိရောက်မှုဆိုင်ရာ အသေးစိတ်ဆန်းစစ်ချက်များကို ကျော်ဖြတ်နိုင်မည့် အတိုကောက်လုပ်ထုံးလုပ်နည်းကို အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါ အမြန်လမ်းကြောင်းစနစ်ကြောင့် ပုံမှန်အားဖြင့် လနှင့်ချီကြာမြင့်တတ်သော ဗျူရိုကရေစီအဆင့်ဆင့် စိစစ်မှုအချိန်ဇယားများကို သိသိသာသာ လျှော့ချပေးနိုင်မည်ဖြစ်ပြီး အပြီးသတ်ခွင့်ပြုချက်ကို အလုပ်လုပ်ရက် ၄၅ ရက်အတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။မက္ကဆီကိုနိုင်ငံ၏ မူဝါဒသစ်အရ နိုင်ငံတကာဆေးဝါးသဟဇာတဖြစ်ေရးကောင်စီ (ICH) ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အသိအမှတ်ပြုစာရင်းဝင် အာဏာပိုင်အဖွဲ့ (WLA) ဖြစ်သော နိုင်ငံများကိုသာ ယခုကဲ့သို့ အထူးသက်သာခွင့် ပေးခြင်းဖြစ်သည်။တောင်ကိုရီးယား MFDS သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် WHO ၏ WLA စာရင်း၌ အပြည့်အဝ သတ်မှတ်ခြင်းခံရသဖြင့် ဤအရည်အချင်းနှင့် ကိုက်ညီခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မက္ကဆီကိုနိုင်ငံသည် တောင်ကိုရီးယားအစိုးရက ထုတ်ပေးထားသော ဆေးဝါးထုတ်လုပ်မှု အလေ့အကျင့်ကောင်း လက်မှတ် (GMP Certificate) များကိုလည်း တိုက်ရိုက်အသိအမှတ်ပြုမည်ဖြစ်ရာ ကိုရီးယားဆေးဝါးကုမ္ပဏီများအနေဖြင့် မက္ကဆီကိုနိုင်ငံအတွင်း ထပ်မံစစ်ဆေးခံရမည့် ဝန်ထုပ်ဝန်ပိုးများမှ ကင်းဝေးသွားမည်ဖြစ်သည်။


