မတ်ပဲစိုက်ပျိုးမှုများသည့် ဧရာဝတီတိုင်းအတွင်း၌ ပြီးခဲ့သည့်အပတ်က မတ်ပဲတစ်တင်းလျှင် ကိုးသောင်းခွဲဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအခါ တစ်သိန်းတစ်သောင်းအထိ ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ ယခုကဲ့သို့ မတ်ပဲဈေးတက်လာခြင်းမှာ မတ်လနှင့် ဧပြီလတွင် လှိုင်လှိုင်ပေါ်ခဲ့သည့် မတ်ပဲများ ယခုမိုးတွင်းကာလ၌ တောင်သူများထံတွင် လက်ကျန်နည်းသွားခြင်းနှင့် ပြည်ပသို့ မတ်ပဲများ တင်ပို့နေရခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ပဲကုန်သည်များနှင့် ဒေသခံများက သုံးသပ်ကြသည်။ဈေးနှုန်းပြန်တက်လာသော်လည်း ပဲလှောင်ထားသည့် တောင်သူများမှာ သွင်းအားစုအရင်းအနှီး များပြားခဲ့သဖြင့် အမြတ်အစွန်း အများအပြားရရှိရန် ခဲယဉ်းနေပြီး၊ စောစီးစွာ ထုတ်ရောင်းခဲ့ရသည့် တောင်သူများမှာမူ အရှုံးပေါ်ခဲ့ကြသည်။ ထို့ပြင် ယခုနှစ်တွင် ဧရာဝတီတိုင်းအတွင်းရှိ ပဲခင်းဧကရာချီ အဝါရောင်သန်းကာ အခင်းလိုက် ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရသဖြင့် ဆုံးရှုံးမှုကြီးမားခဲ့သည်။ဧရာဝတီတိုင်းမှ ဒေသခံတောင်သူများသည် မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲကို အဓိကစိုက်ပျိုးကြသော်လည်း ယခင်နှစ်က တင်းတစ်ရာလျှင် ကျပ်သိန်း၂၀ ကျော်ရှိခဲ့သည့် စပါးဈေးမှာ ယခုအခါ ကျပ် ၁၄ သိန်းဝန်းကျင်အထိ ကျဆင်းသွားခြင်း၊ ပဲခင်းများ ပျက်စီးခြင်းတို့ကြောင့် စပါးရောပဲပါ ဈေးကောင်းမရဘဲ အရင်းအနှီးနှင့် လုပ်အားခနုတ်ပါက အရှုံးပေါ်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
Jun 21 • 6:36 AM
Myanmar
Ayeyarwady
Share
| 10 | 0 | 0 | 0 |


