ကယားပြည်နယ်၊ထိုင်း-ကရင်နီ နယ်စပ်လမ်းပိုင်းသည် မိုးရာသီကာလသို့ ရောက်ရှိလာခြင်းကြောင့် လမ်းခရီးဆိုးရွားပျက်စီးကာ ပုံမှန်ခရီးစဉ်ကြာချိန်ထက် နှစ်ဆကျော်အထိ ပိုမိုကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရကြောင်း ကားသမားများနှင့် ဒေသခံခရီးသွားများထံမှ သိရသည်။ ပွင့်လင်းရာသီတွင် တစ်ရက်ခန့်သာ မောင်းနှင်ရသည့် အဆိုပါလမ်းပိုင်းမှာ ယခုမိုးတွင်း၌ လမ်းအခြေအနေပေါ်မူတည်၍ ၂ ရက်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်နေပြီး၊ လမ်းချောကာ ချိုင့်ခွက်များအတွင်း ကားဘီးများမြုပ်သဖြင့် ခရီးသည်များနှင့် ကားသမားများပါ အလွန်ပင်ပန်းဆင်းရဲလျက်ရှိသည်။ လတ်တလောတွင် ရုန်းမရဖြစ်နေသည့် ယာဉ်များကို ထွန်စက်များဖြင့် ဆွဲတင်ပေးနေရသော်လည်း အဆင်မပြေဘဲ လမ်းပေါ်၌ အိပ်စောင့်နေရသကဲ့သို့ တချို့ကားများလည်း ပြန်လှည့်သွားကြရသည်။ ယခုကဲ့သို့ လမ်းခရီးကြန့်ကြာမှုများကြောင့် ခရီးသွားများ ရိက္ခာနှင့် စက်သုံးဆီပြတ်လပ်မှု စိုးရိမ်နေရသည့်အပြင်၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးကာ အတက်အဆင်း ကုန်တင်ကားများပေါ်ရှိ ကုန်စိမ်းများ၊ ကွမ်းရွက်၊ ကြက်သွန်နှင့် အာလူးများ ပုပ်သိုးပျက်စီးဆုံးရှုံးမှုများနှင့်ပါ ရင်ဆိုင်နေရကြောင်း သိရသည်။



