မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးစရိတ်များ အဆမတန်မြင့်တက်လာခြင်းကြောင့် မိုးစပါးစိုက်တောင်သူများ အရှုံးပေါ်လျက်ရှိပြီး၊ ယင်းကြောင့် တောင်သူအချို့မှာ စိုက်ပျိုးမှုလုပ်ငန်းများကို ရပ်နားလာကြသဖြင့် လယ်ဧကအများအပြား စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ဖြစ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ လက်ရှိတွင် စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် အလုပ်သမားခများမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက သုံးဆနီးပါးအထိ မြင့်တက်နေသော်လည်း စပါးဈေးမှာ လိုက်ပါတက်လာခြင်းမရှိဘဲ ယခင်နှစ်ကတည်းက အရှုံးပေါ်ခဲ့ကြခြင်းဖြစ်သည်။ တောင်သူများ၏ ပြောပြချက်အရ မြေဩဇာဈေးမှာ ကျပ် ၂ သိန်းနီးပါးအထိ မြင့်တက်လာပြီး နေ့စားခမှာ ၁ သိန်းဝန်းကျင်အထိ ရှိနေသည့်အပြင်၊ ယခင်က တစ်ပုံးလျှင် ကျပ် ၅ သောင်းဝန်းကျင်သာရှိသော စက်သုံးဆီဈေးမှာလည်း လက်ရှိတွင် ကျပ် ၁ သိန်း ၈ သောင်းကျော်အထိ မြင့်တက်ကာ အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသဖြင့် အဖက်ဖက်က အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။



