ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်မှ ဇွန်လဒုတိယပတ်အထိ နှစ်လတာကာလအတွင်း စက်သုံးဆီဈေးနှုန်း ၇၀၀ ကျပ်သာ ပြန်လည်ကျဆင်းခဲ့ပြီး ဆက်လက်ဈေးမြင့်တက်နေဆဲဖြစ်ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်ပြီး တန်းစီဝယ်ယူနေရချိန်ကစ၍ မြစ်ကြီးနားမြို့တွင် အောက်တိန်း 92 တစ်လီတာလျှင် ၁၃,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ရာမှ လက်ရှိတွင် တစ်လီတာလျှင် ၁၂,၃၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၁၃,၀၀၀ ကျပ် ဝန်းကျင်ဖြင့်သာ ရောင်းချနေရခြင်း ဖြစ်သည်။ မြစ်ကြီးနားမြို့သို့ စက်သုံးဆီဘောက်ဆာကားကြီးများ ပုံမှန်အဝင်ရှိပြီး ဆီပြတ်လပ်မှုမရှိသော်လည်း ဈေးနှုန်းမှာ သတ်မှတ်ရည်ညွှန်းဈေးထက် သုံးဆခန့်အထိ မြင့်မားနေဆဲဖြစ်ရာ ယင်းသို့ဈေးနှုန်းကြီးမြင့်နေမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ပေးစေလိုကြောင်း မြို့ခံများက လိုလားနေကြသည်။



