ကချင်ပြည်နယ် ပူတာအိုမြို့နယ် မာမူးလဲ့ကျေးရွာအုပ်စုရှိ ပူတာအိုမြို့နှင့် မဂျော့ဝေါ့ကျေးရွာကို ချိတ်ဆက်ထားသည့် ချောင်းကူးတံတားကြီး ပျက်စီးနေသည်မှာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း အာဏာပိုင်များက ပြန်လည်ပြင်ဆင်ပေးခြင်းမရှိသဖြင့် ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေး အလွန်ခက်ခဲနေကြောင်း သိရသည်။အဆိုပါ ကွန်ကရစ်တိုင်နှင့် ပျဉ်ခင်းအမျိုးအစား တံတားသည် ၂၀၂၅ ခုနှစ် ရေကြီးစဉ်ကတည်းက ကျိုးပျက်သွားခဲ့ခြင်းဖြစ်ပြီး၊ မဂျော့ဝေါ့ကျေးရွာသည် ပူတာအိုမြို့ပေါ် မြို့မရပ်ကွက်နှင့် ထိစပ်နေသဖြင့် ကျေးရွာရှိ ကျောင်းသားအများစုမှာ မြို့မအထက်တန်းကျောင်းသို့ နေ့စဉ် ဖြတ်သန်းသွားလာနေရခြင်း ဖြစ်သည်။ ဒေသခံများက ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဝါးတံတား ယာယီဆောက်လုပ်ခဲ့သော်လည်း ပြီးခဲ့သည့် မေလအတွင်း ချောင်းရေကြီးမှုကြောင့် မျောပါသွားခဲ့ပြန်သည်။ လက်ရှိတွင် ကျန်ရှိနေသည့် ကွန်ကရစ်တိုင်ဟောင်းများပေါ်တွင် ပျဉ်ပြားနှင့် ဝါးများ တင်ကာ ဆိုင်ကယ်နှင့် လူများသာ မလွှဲမရှောင်သာ စိုးရိမ်စိတ်ဖြင့် ဖြတ်သန်းနေရပြီး၊ အောက်ခြေကွန်ကရစ်တိုင်များ ယိုင်နဲ့နေသဖြင့် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေတက်လာပါက ထပ်မံမျောပါသွားနိုင်သည့် အန္တရာယ်ရှိနေသည်။
အလားတူ ပူတာအိုခရိုင် နောင်မွန်မြို့နယ် ဒဘူဒမ်းကျေးရွာအနီးရှိ မေခမြစ်ကူးတံတားသည်လည်း ၂၀၂၅ ခုနှစ်ကတည်းက ပျက်စီးသွားခဲ့ရာ ပြန်လည်ပြင်ဆင်ခြင်းမရှိသေးသဖြင့် လွန်ခဲ့သည့်အပတ်က ကျောင်းသား၊ ကျောင်းသူများ ရေစီးသန်သည့် ချောင်းကို ဝါးဖောင်ဖြင့် အသက်စွန့်ဖြတ်ကူးနေရသည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ မြန်မာပြည်မြောက်ဖျားပိုင်းရှိ ခေါင်လန်ဖူးနှင့် နောင်မွန်မြို့နယ်တို့တွင် ယနေ့ထက်တိုင် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဆက်သွယ်ရေးလိုင်းများ ခက်ခဲနေဆဲဖြစ်ကာ၊ ဒေသခံများမှာ မိုးရာသီရောက်တိုင်း တံတားကျိုးခြင်း၊ တောင်ပြိုခြင်းနှင့် ရေကြီးခြင်းဘေးအန္တရာယ်များကို ရင်ဆိုင်နေရသဖြင့် အာဏာပိုင်များအနေဖြင့် ပျက်စီးနေသည့် တံတားများကို အမြန်ဆုံး လာရောက်ပြုပြင်ပေးရန် မျှော်လင့်နေကြသည်။


