မန္တလေးမြို့တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာပြီး ခိုး၊ ဆိုး၊ လုယက်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာရာ မြို့လယ်ခေါင်နှင့် လူစည်ကားရာနေရာများ၌ပင် နေ့ခင်းကြောင်တောင် ရိုက်နှက်လုယက်မှုများ ဖြစ်ပွားနေသဖြင့် ပြည်သူများ စိုးရိမ်စိတ်ဖြင့် သွားလာနေရကြောင်း သိရသည်။ လတ်တလော ဖြစ်ပွားနေသည့် လုယက်မှုများသည် ပစ္စည်းလုရုံတင်မဟုတ်ဘဲ လူကိုပါ ရိုက်နှက်ခြင်း၊ အသက်အန္တရာယ်ပြုသည်အထိ ရမ်းကားခြင်းများ ရှိနေသည်။မြို့ခံပြည်သူများ၏ ပြောကြားချက်အရ အဆိုပါ ဒုစရိုက်မှု အများစုသည် တာဝန်ရှိသူများက ပြည်သူ့လုံခြုံရေးအတွက် ဖမ်းဆီးအရေးယူမှု အားနည်းနေသဖြင့် ဒုစရိုက်သမားများ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း ဝေဖန်ကြသည်။ မန္တလေးမြို့တွင် လုံခြုံရေးတင်းကျပ်ထားသော်လည်း ခိုးဆိုးလုယက်မှုများအတွက် တရားခံဖမ်းမိမှု အလွန်နည်းပါးပြီး၊ လုယက်ခံရသူအများစုမှာလည်း ရဲစခန်းသို့ သွားရောက်အမှုဖွင့်ခြင်း မပြုကြတော့ဘဲ ဒဏ်ရာရရှိမှသာ ဆေးရုံတက်ရင်း ရဲအရေးပိုင်မှုအဖြစ် အမှုဖွင့်ဖြစ်ကြသည်ဟု သိရသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ ခိုးရာပါ ဆိုင်ကယ်များကို ပုံဖျက်ရောင်းချနေသည့် နေရာအချို့ကို ဖော်ထုတ်ဝင်ရောက် စီးနင်းဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
မန္တလေးမြို့တွင် အုပ်စုဖွဲ့ခိုးဆိုးလုယက်မှုများ ပိုမိုဆိုးရွားလာ၍ မြို့ခံများ နေ့စဉ်သွားလာရေး စိုးရိမ်ထိတ်လန့်နေရ
Jun 15 • 6:36 AM
Myanmar
Mandalay
Share
| 10 | 0 | 0 | 0 |


