ခရီးသွားဧည့်လမ်းညွှန်များအနေဖြင့် တရားဝင်လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ပါက ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေအရ ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ကျပ် ၅၀,၀၀၀ အထိ ချမှတ်အရေးယူခံရမည်ဖြစ်သည်။ လိုင်စင်မရှိဘဲ လုပ်ကိုင်နေသူများကိုတွေ့ရှိပါက အထောက်အထားအပြည့်အစုံဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။သက်တမ်းတိုးရန် ပျက်ကွက်သဖြင့် လိုင်စင်ဖျက်သိမ်းခံရသူများအတွက် "လိုင်စင်ပျက်ပြယ် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ် (၁၃)" ကို ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။သင်တန်းတက်ရောက်လိုသူများအနေဖြင့် စည်းကမ်းထိန်းသိမ်းရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (CTD) သို့ လူကိုယ်တိုင်ဖြစ်စေ၊ tts.yangon@gmail.com သို့ အီးမေးလ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်သည်။ဧည့်လမ်းညွှန်လိုင်စင်သက်တမ်းမှာ အခြေခံအားဖြင့် ၂ နှစ်ဖြစ်သော်လည်း လုပ်ငန်းခေတ္တနားသူများအတွက် ၄ နှစ်အထိ သက်တမ်းတိုးနိုင်သည်။ လက်ရှိတွင် မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့၌ ဒေသဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးထားပြီး၊ စုစုပေါင်း သင်တန်းဆင်း ၅,၀၀၀ ကျော်ကို လိုင်စင်ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။



