ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ပွန်ချောင်းဒေသ နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများ၏ စခန်းတွင် ဇွန်လ ၅ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရက်ဆက်ရွာသွန်းမှုကြောင့် စားဝတ်နေရေးအတွက် အဓိကအားထားစိုက်ပျိုးထားသည့် နှမ်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
နှမ်းစိုက်ပျိုးသူ ပြည်သူတစ်ဦး၏ ပြောပြချက်အရ ရေဝပ်ပြီး မိုးများလွန်းသဖြင့် နှမ်းပင်များမှာ အရွက်နှင့် အပင်ခြေမှစ၍ ပုပ်ကာ တစ်ပြင်လုံး သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးသွားသည့် စိုက်ခင်းအချို့တွင် နှမ်းများကို အသစ်ပြန်လည်စိုက်ပျိုးနေရကြောင်း သိရသည်။ ၎င်းပွန်ချောင်းဒေသရှိ နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများစခန်းတွင် အမှတ် (၁) မှ အမှတ် (၇) အထိ ဖွဲ့စည်းထားပြီး၊ အဓိက ဝင်ငွေရလုပ်ငန်းဖြစ်သော နှမ်းစိုက်ခင်းများ ယခုကဲ့သို့ ပျက်စီးခြင်းကြောင့် ပြည်သူများအတွက် ဆုံးရှုံးမှုအဆမတန် များပြားနေကြောင်း သိရသည်။


