မွန်ဂိုလီးယားနိုင်ငံ သမ္မတ Ukhnaa Khurelsukh သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဇွန်လ ၁၃ ရက်က အူလန်ဘာတာမြို့တွင် တွေ့ဆုံကာ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံမှုအတွင်း မွန်ဂိုလီးယားသမ္မတက နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားပြီး၊ မွန်ဂိုလီးယားအနေဖြင့် "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" ကို အခိုင်အမာထောက်ခံကာ ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှီးဇန့်နှင့် ရှင်းကျန်းကိစ္စရပ်များကို တရုတ်၏ ပြည်တွင်းရေးအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း မွန်ဂိုလီးယား၏ အချုပ်အခြာအာဏာနှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လေးစားကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး စွမ်းအင်၊ တွင်းထွက်သယံဇာတ၊ အရေးကြီးသတ္တုတွင်းထွက်များ၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် ထွန်းသစ်စနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အသင့်ရှိကြောင်း ဆိုသည်။ သုံးရက်ကြာခရီးစဉ်အတွင်း ဝမ်ရိသည် မွန်ဂိုလီးယားဝန်ကြီးချုပ် Nyam-Osor Uchral၊ နိုင်ငံခြားရေးဝန်ကြီး Batmunkh Battsetseg တို့နှင့်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။



