တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အရှေ့ဒေသ တောင်သုံးလုံးရွာဇာတိဖြစ်သည့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဇော်ခန့်သည် ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်၌ ဇွန်လ ၇ ရက်နေ့က ကျင်းပခဲ့သော အသက် ၁၅ နှစ်အောက် တောတွင်းခရီးကြမ်းဆိုင်ကယ်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသား ကလေးငယ် ၁၅ ဦးနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၅ ကီလိုမီတာ အကွာအဝေးကို ၃ နာရီအတွင်း ပန်းဝင်ရသည့် အဆိုပါလမ်းကြမ်းပြိုင်ပွဲတွင် မောင်ပြည့်ဇော်ခန့်အပါအဝင် ၄ ဦးသာ သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်ခဲ့သည်။ "ခေါင်ယိုင်" ဆိုင်ကယ်ဝါသနာရှင်များအသင်းက ဦးစီးကျင်းပသည့် ၎င်းပြိုင်ပွဲတွင် ပထမဆုအဖြစ် ဆုတံဆိပ်နှင့် ဘတ်ငွေ ၂,၀၀၀ ရရှိခဲ့သည့်အပြင်၊ လူကြီးများပါဝင်သည့် ဆိုင်ကယ်အစီးရေ ၃၀၀ ကျော်ပြိုင်ပွဲတွင်လည်း အဆင့် ၁၄၃ ဖြင့် ပန်းဝင်နိုင်ခဲ့သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၌ နေထိုင်ကာ ၇ တန်းပညာသင်ယူနေသည့် မောင်ပြည့်ဇော်ခန့်သည် အသက် ၁၀ နှစ်ဝန်းကျင်ကတည်းက တောတွင်းခရီးကြမ်းဆိုင်ကယ်ပြိုင်ပွဲများ ယှဉ်ပြိုင်လာခဲ့သူဖြစ်ကြောင်း သိရသည်။



