ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ PTT ဓာတ်ဆီဆိုင်တွင် ဓာတ်ဆီဖြည့်ရန် စောင့်ဆိုင်းနေသည့် မြန်မာလိုင်စင်ရ ကားတစ်စီး ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါကားသည် မြဝတီမြို့ဘက်မှ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁) ကို ဖြတ်ကျော်ကာ မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ ဓာတ်ဆီဆိုင်သို့ လာရောက်ခြင်းဖြစ်သည်။ ဒေသခံတစ်ဦး၏ ပြောပြချက်အရ အချို့သောကားများသည် မြန်မာနိုင်ငံဘက်သို့ ဆီပြန်လည်သယ်ဆောင်ရန်အတွက် ဆီတိုင်ကီများကို နည်းလမ်းမမှန်ဘဲ ပြုပြင်ကာ တစ်ရက်လျှင် ရှစ်ကြိမ်ခန့် ဆီပိုက်အဖြုတ်အတပ် ပြုလုပ်လေ့ရှိကြောင်း၊ ထိုသို့ပြုလုပ်ရာမှ ဆီအမှုန်များ အိတ်ဇော သို့မဟုတ် ဘက်ထရီခေါင်းပေါ်သို့ ကျရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားပြီးနောက် မဲဆောက်မြို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၂ စီးဖြင့် မိနစ်ပိုင်းအတွင်း လာရောက်ငြှိမ်းသတ်နိုင်ခဲ့သဖြင့် ကားပေါ်ပါလာသူများ ထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ၊ မီးလောင်ရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ မဲဆောက်ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။


ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် ဆီဖြည့်ရန် စောင့်ဆိုင်းနေသည့် မြန်မာကားတစ်စီး မီးလောင်မှုဖြစ်ပွား
Jun 10 • 1:51 AM
Thailand
Local News
Share
| 29 | 0 | 0 | 0 |


