မန္တလေးမြို့ရှိ သမိုင်းဝင် ဂေါဝိန်ဆိပ်ကမ်းသည် ငါးနှစ်ကျော်ကြာ ခြောက်သွေ့ခဲ့ရရာမှ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစ၍ ပြည်ပခရီးသွားများနှင့်အတူ အပျော်စီးမော်တော်များ ပြန်လည်ဝင်ရောက်ကာ အသက်ဝင်စပြုလာပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်းပြည်ပ ခရီးသွားလာမှုများ လုံးဝနီးပါး ရပ်တန့်သွားခဲ့သော်လည်း ယခုအခါ ရေပေါ်ဟိုတယ်လုပ်ငန်းများအထိပါ လာရောက်လုပ်ကိုင်ရန် သတင်းများ ထွက်ပေါ်နေသည်။ ယခင်က ၎င်းဆိပ်ကမ်းမှတစ်ဆင့် စစ်ကိုင်း၊ မင်းကွန်းနှင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသများသို့ အပျော်စီးရေယာဉ်များနှင့် အစုန်အဆန်ခရီးသည်တင်သင်္ဘောများ နေ့စဉ် ပြေးဆွဲကာ စည်ကားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂေါဝိန်ဆိပ်ကမ်းသည် မြန်မာဘုရင် သီပေါမင်းအား ဖမ်းဆီးခေါ်ဆောင်စဉ်က အသုံးပြုခဲ့သည့် နေရာဖြစ်သဖြင့် ကမ္ဘာကျော် သမိုင်းဝင်နေရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။



