မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းက မြိုင်မြို့၊ ရေစကြိုမြို့နဲ့ ပေါက်မြို့ဘက် အထွက်ဂိတ်တွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး သယ်ဆောင်ခွင့်ကို ခုရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ်ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိတဲ့ အခြေခံစားသောက်ကုန် ကုန်စိမ်းတွေနဲ့ အိမ်သုံးဆေးဝါး အပါအဝင် အရေးပေါ် အသက်ကယ်ဆေးဝါးတွေကိုပါ နယ်ဘက်ကို သယ်ယူခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ပခုက္ကူမြို့ဟာ အနီးအနားရှိ မြို့နယ်တွေနဲ့ ကျေးရွာတွေအတွက် အဓိက ကုန်သွယ်ရေး စီးပွားရေးဗဟိုချက်ဖြစ်တာမို့ ခုလို ကန့်သတ်ပိတ်ပင်မှုတွေကြောင့် ကုန်စည်စီးဆင်းမှု အဟန့်အတားဖြစ်သွားတဲ့ အတွက် နယ်ဘက်ဒေသတွေမှာ ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာနိုင်ပြီး၊ အရေးပေါ် ဆေးဝါးလိုအပ်နေသူတွေအတွက်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေအထိ ဆိုးကျိုးသက်ရောက်နိုင်ကြောင်း ဒေသခံကုန်သည်တွေနဲ့ လူမှုကူညီရေးအသင်းအချို့က သုံးသပ်ပြောဆိုနေကြပါတယ်။



