ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ကျောက်ရေအိုးလမ်းတွင် အိမ်ငှားနေထိုင်သည့် ကိုကျော်စိုးဦး ၏ ဇနီး သန္တာဝေ သည် ပြီးခဲ့သည့် မေလ ၁၂ ရက်၊ နေ့လယ်ပိုင်းက ခင်ပွန်းဖြစ်သူ အလုပ်သွားနေစဉ် ခင်ပွန်း၏ ယခင် ဇနီးသည်နှင့် ရရှိခဲ့သည့် အသက် ၄ နှစ်အရွယ် ကလေးငယ်အား ထမင်းကျွေးပြီး အိပ်ရန်အတွက် ချော့သိပ်ရာ ကလေးမှာ အိပ်စက်ခြင်းမပြုဘဲ အော်ဟစ်ငိုယိုနေသည့်အတွက် ဝါးခြမ်းပြားဖြင့် ၃ ချက်ခန့် ရိုက်နှက်ခဲ့ပြီး လည်ပင်းအား လက်ဖြင့်ညှစ်ခဲ့ရာ ကလေးငယ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းသို့ ကလေးငယ် သေဆုံးသွားသည်ကို ခင်ပွန်းသည် ကျော်စိုးဦး မသိရှိစေရန်အတွက် ကလေးငယ်၏ ရုပ်အလောင်းအား အဖြူရောင် ဆာလာအိတ်အတွင်း ထည့်ပြီး နေအိမ် အိပ်ခန်းအတွင်းရှိ အဝတ်အစားများ ထည့်သည့် အညိုရောင် ပလပ် စတစ် ကော်ပုံး အတွင်းသို့ ထည့်ကာ သွားရောက်စွန့်ပစ် ဖျောက်ဖျက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ ကလေးငယ်၏ မွေးစားမိခင်ဖြစ်သူ အိမ်ရှင်အမျိုးသမီး က ကလေးငယ်အား သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ရန် စီစဉ်ခဲ့သူ သန္တာဝေအား ဥပဒေအရ အရေးယူ ပေးရန် တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းသဖြင့် တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 15 • 6:52 AM
Myanmar
Shan
Share
| 61 | 0 | 0 | 0 |


