တရုတ်နိုင်ငံနှင့် ဟောင်ကောင်အာဏာပိုင်များက ဖမ်းဝရမ်းထုတ်ပြီး အလိုရှိနေသော ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူ Zhang Xinyan ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ Zhang Xinyan သည် UNHCR ကတ်ကို ကိုင်ဆောင်ထားသူဖြစ်သော်လည်း ထိုင်းအစိုးရက ဖမ်းဆီးပြီး ဟောင်ကောင် အစိုးရထံ ပြန်လည်ပို့ဆောင်မည့်အရေး ရင်ဆိုင်နေရသဖြင့် တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။ အသက် ၅၅ နှစ်အရွယ် Zhang Xinyan သည် ဘန်ကောက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်ကိုင်ဆောင်ထားသူဖြစ်ပြီး နေထိုင်ခွင့် ဗီဇာကျော်လွန်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရသူဖြစ်သည်။ ဖမ်းဆီးခံရသည့်နေ့ရက်ကို မဖော်ပြထားသဖြင့် မသိရဘဲ မေလ ၁၀ ရက်တွင်မူ တရားရုံး၌ ကြားနာခဲ့သည်။



