ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ကလေးနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ကလေးမြို့တွင် လက်ခံမည့်သူ ညွန့်တင် အား ကလေးမြို့အဝင်၌လည်းကောင်း၊ လားရှိုးမှကလေးသို့သယ်ဆောင်ခိုင်းသူ နိုင်ဝင်း(ခ)ရုပ်ဆိုး အား ပြည်မြို့နယ်၊ ပြည် - အောင်လံသွားလမ်း၊ တီတွတ်ကျေးရွာအနီးတွင် TOYOTA HILUX ယာဉ် ၁ စီးနှင့်လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၉ ဒသမ ၈၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကလေးသို့ အဓိကသယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကိုအောင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရသည်။



