ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊ဇရစ်ရိုးကျေးရွာအုပ်စုရှိ နွားဦးတိုက်ကျောင်း မိုးမခရွှေစည်းခုံစေတီတော်သည် ဧပြီလ (၃၀) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းဒဏ်ကြောင့် အုတ်ခုံရိုးပါမကျန် တိမ်းစောင်းပြိုပျက်သွားကြောင်း သိရသည်။အဆိုပါစေတီတော်သည် နွားဦးတိုက်ဆရာတော်နှင့် ထူးခန့်ကျော်တို့ ဦးဆောင်၍ ထီးတော်တင်လှူထားသည့် စေတီတစ်ဆူဖြစ်ပြီး ယခုကဲ့သို့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဲ့သို့သော နေ့ထူးနေ့မြတ်တွင် ပြိုပျက်သွားခြင်းမှာ ကျေးရွာအတွက် နမိတ်မကောင်းကြောင်း ပြည်သူအချို့က သုံးသပ်ပြောဆိုနေကြကြောင်း သိရသည်။
စေတီတော်ပြိုပျက်ပြီးနောက် နွားဦးတိုက်ဆရာတော်မှ ပြန်လည်ပြုပြင်ရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် အလှူခံမှုများ ပြုလုပ်လာခြင်းအပေါ် ဒေသခံပြည်သူများအကြား ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ လက်ရှိတွင် ပြည်သူများမှာ စီးပွားရေးနှင့် လူမှုရေးကျပ်တည်းမှုများကြား ဒုက္ခရောက်နေချိန်ဖြစ်သဖြင့် ရုပ်ဝတ္ထုသာသနာထက် နာမ်ဝတ္ထုသာသနာ (စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု) ကိုသာ ပိုမိုအလေးထားသင့်ကြောင်းနှင့် ထပ်မံအလှူမခံသင့်သေးကြောင်း ပြည်သူများမှ သုံးသပ်ပြောဆိုနေသည်။လက်ရှိတွင် ပြိုပျက်သွားသော စေတီတော်၏ အပျက်အစီးများမှာ အုတ်ခုံရိုးပါ ကွဲပြဲတိမ်းစောင်းလျက်ရှိပြီး ပြန်လည်ပြုပြင်ရေးနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ဆက်လက်ရှိနေကြောင်း သိရသည်။



