မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း၌ အိမ်ထောင်စုပေါင်း ၁၃၀,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် ၄၀ မဂ္ဂါဝပ်စီထွက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီလ ၂၉ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ အဆိုပါစက်ရုံများမှာ သာစည်မြို့နယ်ရှိ ၄၀ မဂ္ဂါဝပ်စက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ သပြေဝ ၄၀ မဂ္ဂါဝပ်စက်ရုံတို့ဖြစ်ပြီး တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း ၂၀၂ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည့် ယင်းအခမ်းအနားတွင် နိုင်ငံတော်၏ လျှပ်စစ်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်း၌ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မကြာမီကာလအတွင်း၌လည်း ၂၁၀ မဂ္ဂါဝပ် ထွက်ရှိမည့် နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတစ်ရုံ ထပ်မံပြီးစီးတော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။


