နေပြည်တော်ကောင်စီ ၊ ဥတ္တရသီရိ မြို့နယ်မှာ ကဆုန်လပြည့်နေဘုရားဖူးလာတဲ့ သုံးဘီးနောက်တွဲတိမ်းမှောက်လို့ အမျိုးသားတယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ ၁၁ နာရီလောက်မှာ ဥတ္တရသီရိမြို့နယ်ရှိ ဗုဒ္ဓဂယာဘုရားဖူးပြီး ပြန်အလာ အဆင်းလမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဘုရားဖူး သုံးဘီးကားပေါ်မှာ ယာဥ်မောင်းအပါ ၁၆ ယောက်လောက် လိုက်ပါလာတာဖြစ်ကြောင်း သိရပြီး ကားက ဝိတ်တအားများပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဘုရားဖူးကားဟာ တပ်ကုန်းမြို့နယ်ရှိ ကျေးရွာတခုက ဖြစ်ပြီး သေဆုံးသူအမျိုးသားက အသက် ၂၀ ကျော်အရွယ် ဖြစ်ကြောင်း ၊ လက်ရှိမှာ ရုပ်အလောင်းကို နေပြည်တော်ကုတင် ၁၀၀၀ ကိုပို့ထားပြီး ဒဏ်ရာရရှိသူတွေကိုတော့ ကုတင် ၃၀၀ ကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။



