ရန်ကုန်မြို့၊ ပန်းဆိုးတန်းဆိပ်ကမ်းနဲ့ဒလမြို့နယ်ဘက်ကို ပြေးဆွဲနေတဲ့ ချယ်ရီကူးတို့သင်္ဘောတွေကို အခေါက်ရေ လျှော့ချတာ မရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲပေးနေတယ်လို့ ပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘောဆိပ် တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။မြန်မာ-ကိုးရီးယား ချစ်ကြည်ရေး ဒလတံတားကြီး ဖွင့်လှစ်ပြီးတဲ့နောက် စီးနင်းတဲ့ ခရီးသည် ငါးပုံ တစ်ပုံလောက် လျော့နည်းသွားပေမဲ့ ချယ်ရီသင်္ဘောတွေကိုတော့ အခေါက်ရေ လျှော့ချတာ မရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲနေတာ ဖြစ်တယ်လို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘောဆိပ်၊ မြို့နယ်မန်နေဂျာ ဦးဇော်လတ်က ပြောပါတယ်။ အဲဒီပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘောတွေဟာ တစ်ရက်ကို ၄၁ ခေါက်နှုန်းနဲ့ မိနစ် ၂၀ ခြားတစ်စင်း ပြေးဆွဲပေးနေ တာပါ။ ချယ်ရီသင်္ဘောတွေ ထွက်ခွာချိန်ကတော့ မနက် (၅) နာရီခွဲအချိန်မှာ ဒလဘက်က စတင်ထွက်ခွာပြီး ပန်းဆိုးတန်း ဆိပ်ကမ်းမှာ ည(၇)နာရီခွဲအထိ နောက်ဆုံးထား ပြေးဆွဲပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီသင်္ဘော ၃ စင်းရှိပြီး တစ်ရက်ကို ၂ စင်းထွက် ၁ စင်းနား စနစ်နဲ့ ပြေးဆွဲနေ တာ ဖြစ်ပါတယ်။ ပြေးဆွဲပေးရာမှာလည်း ခရီးသည်တွေဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် အသက်ကယ် အင်္ကျီတွေ၊ ဘောကွင်းတွေ ထားရှိ ပေးထားပြီး ကျွမ်းကျင်သူတွေကိုယ်တိုင် မောင်းနှင်တာ ဖြစ်တယ်လို့ ဆိုပါ တယ်။ခရီးသည်တွေ သက်သာစေဖို့ စီးနင်းခကိုလည်း အရင်နှုန်းထားအတိုင်း ငွေကျပ် ၃၀၀ ပဲ ကောက်ခံတာ ဖြစ်သလို ပန်းဆိုးတန်း သင်္ဘောဆိပ်မှာဆိုရင် စီးနင်းတဲ့ခရီးသည်တွေ သက်တောင့်သက်သာဖြစ်စေဖို့ နားနေဆောင်တွေ၊ နာမကျန်းသူလူနာတွေနဲ့ သက်ကြီးတွေအတွက် ဝှီးချဲတွေကိုလည်း ထားပေးထားတယ်လို့ သိရပါတယ်။



