ရှမ်းပြည်ဒေသအချို့တွင် ဧပြီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမိုးသက်လေပြင်းနှင့် မိုးသည်းထန်မှုများကြောင့် သဘာဝဘေးဒဏ်များ ခံစားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ယမန်နေ့ ဧပြီလ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စုရှိ ကျကျီးလုံကျေးရွာတစ်ရွာလုံးနီးပါး အိမ်အမိုးများ လေနှင့်အတူ လွင့်ပါပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့အတူ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာရှိ သတိပဋ္ဌာန်ဘုန်းကြီးကျောင်းလမ်းတွင်လည်း သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။



