ပြည်ပတွင် အလုပ်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံသို့ ခွင့်ပြန်လာသည့် အလုပ်သမားများအနက် ဧပြီ ၂၇ ရက်အထိ လူပေါင်း ၂၀၀ ခန့်မှာ ပြည်ပပြန်လည်ထွက်ခွာခွင့် မကျဘဲ ပိတ်မိနေပြီး လေဆိပ်၌ VIP လမ်းကြောင်းဟုဆိုကာ သိန်းဆယ်ချီပေး ၍ ထွက်ခွာနေရကြောင်း သိရသည်။ မတ်လနောက်ဆုံးပတ်မှစတင်ကာ အလုပ်သမားသက်သေခံကတ် (OWIC)ပါ အလုပ်ရှင်နှင့် လက်ရှိလုပ်ကိုင်နေသည့် အလုပ်ရှင် မတူညီခြင်း အပါအဝင် အကြောင်းပြချက်အမျိုးမျိုးဖြင့် ထွက်ခွာခွင့် ပယ်ချခံရသော ခွင့်ပြန်လုပ်သား ၁၀၀ ကျော် ရှိခဲ့ရာမှ လက်ရှိ ထွက်ခွာခွင့်မကျသူ ၂၀၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။ ဤသို့ တရားဝင်ထွက်ခွာခွင့်များကို ပိတ်ပင်ထားသော်လည်း လေဆိပ်ဝန်ထမ်းများနှင့်ပေါင်းပြီး ငွေကျပ် သိန်း ၃၀ မှ ၆၀ အထိ ပေးဆောင်ပါက VIP လမ်းကြောင်းဖြင့် ထွက်ခွာနိုင်သည်ဟု အလုပ်သမားများက ဆိုသည်။
| 28 | 0 | 0 | 0 |


