ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး ဒေသထွက်ဖရဲများအပြင် တောင်ငူ၊ ပဲခူးနှင့် ဒိုက်ဦးဒေသများမှလည်း ဖရဲသီးများ ဝင်ရောက်ရောင်းချလျက်ရှိသည်။လက်ရှိတွင် ဖရဲသီးဈေးနှုန်းများလည်း မြင့်တက်လာပြီး ယခင်က တစ်လုံးလျှင် ကျပ် ၃,၀၀၀ မှ ၅,၀၀၀ ခန့်သာ ရရှိခဲ့ရာမှ ယခုအခါ အနိမ့်ဆုံး ကျပ် ၅,၀၀၀ မှ ၈,၀၀၀၊ ၉,၀၀၀ အထိ ရောင်းချနိုင်ကြောင်း သိရသည်။ ခွဲစိတ်ရောင်းချသူများအနေဖြင့်လည်း တစ်စိတ်လျှင် ကျပ် ၁,၀၀၀ နှုန်းဖြင့် ရောင်းချနေပြီး တစ်ရက်လျှင် ဖရဲသီး သုံးလုံးမှ လေးလုံးအထိ ရောင်းချနိုင်ကာ နေ့စဉ် အမြတ်ငွေ ကျပ် ၂၀,၀၀၀ ဝန်းကျင် ရရှိနေကြောင်း သိရသည်။



